ကျိုင်းတုံ ဇွန် ၁၄
၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်နှင့် အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်ဆုံးရှုံးမှုများအကြောင်း၊ မူးယစ်ဆေးဝါးပြစ်မှုများ ကျူးလွန်ပါက ချမှတ်ခြင်းခံရမည့် ပြစ်ဒဏ်များအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့် အချက်များနှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)