ဇေယျာသီရိမြို့နယ်ရှိ ဒိုးပင်ခုန်ကျေးရွာမှ ပြည်သူ ၁၉၃ ဦးတို့အား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ် ကွင်းဆင်းဆောင်ရွက်ပြီးစီး

ဇေယျာသီရိ ဇွန် ၁၄

လူဝင်မှု​ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ရပ်ကွက်/ ကျေးရွာများအတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဒိုးပင်ခုန်ကျေးရွာမှ ပြည်သူ ၁၉၃ ဦးတို့အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးအနေဖြင့်  မြို့နယ် အတွင်း နေထိုင်သူအသက် (၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင်သိမ်းဆည်းပြီး ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အဆိုပါ ဆောင်ရွက်မှု၏ အကျိုးကျေးဇူးများအနေဖြင့် e-Government Application များနှင့်တွဲဖက် အသုံးပြုနိုင်ရန်အတွက် အခြေခံကျသည့်စနစ်တစ်ခုဖြစ်ခြင်းကြောင့် ပညာရေး၊ ကျန်းမာရေး၊ SIM ကတ်မှတ်ပုံတင်ခြင်း၊ ဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှုများ၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပ အလုပ်အကိုင်သက်သေခံကတ်နဲ့ ယာဉ်မောင်းလိုင်စင် စသည့်ဝန်ဆောင်မှုလုပ်ငန်းများ လျှောက်ထားရာတွင် ပိုမိုလွယ်ကူစွာ လျှောက်ထားနိုင်မည်ဖြစ်ပြီး ယနေ့တွင်ဇေယျာသီရိ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမောင်မောင်တာ ကြီးကြပ်၍ နန်းဩကျေးရွာအုပ်စု၊ ဒိုးပင်ခုန် ကျေးရွာရှိ ပြည်သူ ၁၉၃ ဦးတို့အား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)