မိုင်းရယ် ဇွန် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီး၍ အထက(ခွဲ)(ဟိုယ)၌ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် နယ်လှည့်စာကြည့်တိုက်ကို ယမန်နေ့ နေ့လည် ၁ နာရီက အဆိုပါကျောင်း၌ ပြုလုပ်သည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ခင်မာလာက ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များဖြစ်သည့် မူးယစ်ဆေးဝါးသုံးစွဲသူဘဝမရောက်ရှိစေရန် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် မိတ်ဖွဲ့ခြင်းကိုရှောင်ကျဉ်ရန်၊ မည်သည့်မူးယစ်ဆေးဝါးကိုမှ စမ်းသပ်သုံးစွဲခြင်းမပြုရန်၊ တစ်ခါတစ်ရံ မူးယစ်ဆေးဝါးမသုံးစွဲခြင်းဖြင့်မစွဲနိုင်ဟု မယူဆမိစေရန်၊ စိတ်ညစ်ခြင်း၊ ပြဿနာဖြင်ခြင်းကို မူးယစ်ဆေးဝါးသုံးစွဲပြီး ဖြေရှင်းခြင်း မပြုပန်ရန် နှင့် ရောဂါတစ်ခုခုအတွက် နားလည်တတ်ကျွမ်းသည့် ဆရာဝန်၏ ညွှန်ကြားချက်မှလွဲ၍ မည်သည့်မူးယစ်ဆေးဖြင့်မျှ မကုစားပါရန် စသည့် အသိပညာပေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ယင်းနောက် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/သူများကို နယ်လှည့်စာကြည့်တိုက်အဖြစ် ပုံပြင်စာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)