ရမည်းသင်း ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် "ဟိန်း" ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ရမည်းသင်းမြို့သီလဝရပ်ကွက်ရှိ "ဟိန်း" ကိုယ်ကိုင်အထက်တန်းကျောင်း ၊ခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ "ဟိန်း" ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးဉာဏ်တင်က အဖွင့်အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမို ရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများ ရရှိစေမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး "ဟိန်း" ကိုယ်ပိုင်အထက်တန်းကျောင်း Grade-(11) မှ မောင်မင်းခန့်နိုင်က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10 မှ မယွန်းဝတီက လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်မင်းထက်ဇူးက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မမြမြမိုးက လူငယ်နှင့်သဘာဝပတ်ဝန်းကျင် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များအပေါ် ဦးဆောင်ဆွေးနွေးကြသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ရမည်းသင်းခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်ပင်စိုက်ပျိုးရေးတို့နှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းပြောကြားသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ "ဟိန်း" ကိုယ်ပိုင်အထက်ကျောင်း၊ ကျောင်းအုပ်ဆရာနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၃၀) ဦး တက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများ ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)