မိုင်းပန် ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ - ၇)များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ရ တောင်သူများထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇) များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ တောင်သူတစ်ဦးချင်းအလိုက် လက်ဝယ်ပေးအပ်ခဲ့ကြောင်း သိရသည်။ မိုင်းပန်မြို့နယ်အတွင်း ယခင်က နယ်မြေဒေသအခက်အခဲများကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ - ၇) လျှောက်ထားရန် ကျန်ရှိနေသေးသည့် လယ်ယာမြေများအား လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် (ပုံစံ - ၇)များ (၁၀၀%) အပြည့်အဝပေးအပ်နိုင်ရေး လျင်မြန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ဦးစီးမှူးထံမှ သိရသည်။
နော်မှိုင်း(ပြန်/ဆက်)