မိုင်းယု ဇွန် ၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ပညာရေးဌာနမှကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် မြို့ခေတ္တအုပ်ချုပ်ရေးမှူး ဦးရှိုင်းပိုင်မှူးက အဖွင့်အမှာစကားပြောကြားပြီး နယ်မြေခံစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်းက စာသင်အရွယ် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးလုံးဝ ပတ်သတ်မှုမရှိစေရေး၊ မူးယစ်ဆေးဝါး၏ အန္တရာယ်နှင့် ရှောင်ကြဉ်ရန်နည်းလမ်းများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များကိုလည်းကောင်း၊ မြို့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်ပြည်စိုးက ကျောင်းနေအရွယ်ကလေးများ လူကုန်ကူးသူတို့အတွက် အဓိကဆက်နွယ်နေမှုအခြေအနေများနှင့် လိုက်နာရမည့်အချက်များကိုလည်းကောင်း အသိပညာပေးပြောကြားခဲ့သည်။
ယင်းနောက် အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ရီရီမြတ်က ကျောင်းသားလူငယ်နှင့် စမ်းသပ်ရန်မသင့်သည့် မူးယစ်ဆေးဝါးအကြောင်းများကိုပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်းက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်အတူ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ မြို့ခေတ္တအုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်