ကျောက်ဆည် ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ အမှတ်(၂)ခရိုင်ချင်းဆက်လမ်းပိုင်းတွင် လိုအပ်နေသည့် လမ်းပိုင်းအရှည်(၁)ကီလိုမီတာအား ကတ္တာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကတ္တရာထပ်ပိုးလွှာ ခင်းပေးခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (ငွေလုံးငွေရင်း) (၈၄.၃၀၀)ကျပ်သန်း အကုန်အကျခံပြီး ခရိုင်ချင်းဆက် လမ်း၏ (၅၆)ကီလိုမီတာနှင့် (၅၇.၆) ကီလိုမီတာအတွင်း ပျက်စီးနေသော လမ်းပိုင်းအရှည်(၁)ကီလိုမီတာ၊ အကျယ်(၃.၆၆)မီတာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အမှတ်(၂)ခရိုင်ချင်းဆက်လမ်းသည် ဒေသတွင်းအကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ကျေးရွာ၊ မြို့နယ်၊ ခရိုင်များရှိ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ကုန်စည်စီးဆင်းမှုများ မြန်ဆန်လွယ်ကူစေရန်အတွက် ဖောက်လုပ်ထားသည့်လမ်းဖြစ်ကြောင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးပါက လမ်းအသုံးပြုသည့်ပြည်သူများအတွက် ကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်နှင့်ကုန်ကျစရိတ်များသက်သာပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ပိုမိုဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)