မိုခါမုန်တိုင်းသဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲကျင်းပမည်

ရန်ကုန် ဇွန် ၁၃

မိုခါမုန်တိုင်းသဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများပြန်လည်ထူထောင်ရေးတွင် တစ်စိတ်တစ်ပိုင်းပါဝင်ကူညီနိုင်ရန်အတွက် အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများပူးပေါင်း၍ ရန်ပုံငွေဘောလုံးပြိုင်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲကို ဇွန် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။

ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ပြီး ရုပ်ရှင်ဘောလုံးအသင်း၊ ဂီတဘောလုံးအသင်း၊ Forever FC ဘောလုံးအသင်းနှင့် ညွန့်ပေါင်းဘောလုံးအသင်းတို့ ပါဝင်ကြမည်ဖြစ်သည်။ ပွဲစဉ်များအဖြစ် ဇွန် ၁၆ ရက် ညနေ ၃ နာရီတွင် ရုပ်ရှင်ဘောလုံးအသင်းနှင့် Forever FC ဘောလုံးအသင်း၊ ညနေ ၅ နာရီတွင် ညွန့်ပေါင်းဘောလုံးအသင်းနှင့် ဂီတဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကာ ထိုအသင်းများထဲမှအနိုင်ရရှိသည့်အသင်းနှစ်သင်းသည် ဇွန် ၁၇ ရက်တွင် ဗိုလ်လုပွဲအဖြစ်လည်းကောင်း၊ ရှုံးသည့်အသင်းနှစ်သင်းသည် တတိယနေရာလုပွဲအဖြစ်လည်းကောင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ရန်ပုံငွေဘောလုံးပြိုင်ပွဲသို့နိုင်ငံကျော်အနုပညာရှင်များ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲနှင့်တတိယနေရာလုပွဲ ကျင်းပမည့်ဇွန် ၁၇ ရက်မွန်းလွဲ ၂ နာရီမှစတင်၍ အနုပညာရှင်များက တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေမည်ဖြစ်ကာ MRTV-4 ၊ MWD ၊ Skynet ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ကိုယ်တိုင်လာရောက်အားပေးလိုသည့် ပရိသတ်များအတွက် ဘောလုံးပွဲကြည့်လက်မှတ်များကို တစ်စောင်လျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် သုဝဏ္ဏအားကစားကွင်း ဂိတ်အမှတ်(၅)တွင် ရောင်းချပေးသွားမည်ဖြစ်သည်။

အဆိုပါရန်ပုံငွေဘောလုံးပြိုင်ပွဲမှရရှိသော ရန်ပုံငွေများအား မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)