မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူး (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မွန်ပြည်နယ်မှဆုရရှိခဲ့သော အားကစားသမားများအား  ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်

မော်လမြိုင်    ဇွန်    ၁၃

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သော (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မွန်ပြည်နယ်မှ ဆုရရှိခဲ့သော အားကစားသမားများအား  ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Sun Shine Hotel ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နိုင်ငံဂုဏ်ဆောင် ဆုရရှိကြသည့် နည်းပြနှင့် အားကစားသမားများမှ တစ်ဦးချင်းမိတ်ဆက်ဂါဝရပြုပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက အားကစားသည် နိုင်ငံသူ ၊ နိုင်ငံသားများရဲ့ စိတ်နှလုံးကို ဆွဲဆောင် သိမ်းသွင်းနိုင်ခြင်း၊ နိုင်ငံဂုဏ် ၊ အမျိုးဂုဏ် ၊ ဇာတိဂုဏ်ကိုဆောင်ကာ အမျိုးသားရေးစိတ်ဓာတ်တွေ ပိုမိုထက်သန်စေနိုင်ပြီး ယှဉ်ပြိုင်မှုတိုင်းမှာ အနိုင်မခံ၊ အရှုံးမပေးတဲ့ စိတ်ဓာတ် ၊ ခိုင်မာတဲ့ စိတ်ဓာတ်တွေကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိမိတို့နိုင်ငံရဲ့ အားကစားအဆင့်အတန်းကို မြှင့်တင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှ ဒေသအတွင်း ဂုဏ်သိက္ခာအမြင့်ဆုံး အားကစားပြိုင်ပွဲ အာဆီယံနိုင်ငံများ၏ အားကစားအဆင့်အတန်းကို မှတ်ကျောက်တင်ရာ အားကစားပြိုင်ပွဲ ၊ နိုင်ငံတစ်နိုင်ငံ၏ အားကစားအဆင့်အတန်းကို တိုင်းတာသည့် အားကစားပြိုင်ပွဲကြီးဖြစ်ပြီး ဒီပြိုင်ပွဲကြီးတွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသည့် မွန်ပြည်နယ်မှ အားကစားသမားများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည့် မွန်ပြည်နယ်မှ နည်းပြနှင့် .. အားကစားသမား(၉)ဦးက ရွှေတံဆိပ်(၂)ဆု ၊ ငွေတံဆိပ် (၄)ဆု ၊ ကြေးတံဆိပ်(၄)ဆုရရှိအောင် နိုင်ငံအတွက် စွမ်းဆောင်ပေးသည့်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့် ဂုဏ်ပြုပာကြောင်း၊နိုင်ငံတော်နဲ့ ပြည်သူလူထုအပါအဝင် ပံ့ပိုးကူညီကြသူများရဲ့ အားပေးချီးမြှောက်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများသည် မိမိတို့ရဲ့ ဇွဲ ၊ လုံ့လ ၊ ဝီရိယ၊ ကြိုးပမ်းအားထုတ် လေ့ကျင့်မှု ၊ စည်းကမ်းလိုက်နာမှု ၊ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်များနဲ့ ပေါင်းစပ်ပြီး နောင်လာမယ့် နိုင်ငံတကာပြိုင်ပွဲတွေမှာ ယခုထက်ပိုမို အောင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်​ခြင်းအခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းတို့က ပီတန်းအားကစားနည်းဖြင့် ပထမ ရွှေတံဆိပ်ဆု ရရှိခဲ့သော မခင်ချယ်ရီသက်အား ဂုဏ်ပြုငွေ ကျပ်(၁၀)သိန်း၊ ပိုက်ကျော်ခြင်း (ကွင်းသွင်း) အားကစားနည်းဖြင့်ပထမ ရွှေတံဆိပ်ဆုရရှိခဲ့သော မနွယ်နွယ်ထွေးအား ဂုဏ်ပြုငွေ ကျပ်(၁၀)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွာများ ချီးမြှင့်ခဲ့ပြီး ဒုတိယငွေတံဆိပ်ဆုနှင့် တတိယ​ကြေးတံဆိပ်ဆုရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ခဲ့ရာ ရွှေတံဆိပ်ဆု ရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် ပိုက်ကျော်ခြင်း ( ကွင်းသွင်း) အားကစားသမားမနွယ်နွယ်ထွေးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)