အမ်း ဇွန် ၁၃
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဂါယ်လောင်းကျေးရွာအုပ်စုတွင် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း(ဆင်းသွယ်လတ် ၃၀ ဧက၊ ပေါ်ဆန်းရင် ၄၀ ဧက) ဆောင်ရွက်မည့် (RS) အဆင့်ရှိ မျိုးသန့်စပါးမျိုးများအား တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မျိုးစပါးပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က ဂါယ်လောင်းကျေးရွာအုပ်စုတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း(ဆင်းသွယ်လတ် ၃၀ ဧက၊ ပေါ်ဆန်းရင် ၄၀ ဧက) ဆောင်ရွက်မည့် (RS) အဆင့်ရှိ မျိုးသန့်စပါးမျိုးများအား တောင်သူများ ထံသို့ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များဆောင်ရွက်ပေးကြောင်း၊ စိုက်ပျိုးရေးနည်းပညာများကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် နည်းပညာအသုံးပြု၍ စပါးအထွက်နှုန်းတိုးတက်မြှင့်မားစေရေးအတွက် စပါးပင်များကို စနစ်တကျစိုက်ပျိုးနိုင်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းဇော်တို့က (RS)အဆင့်ရှိ ဆင်းသွယ်လတ်၊ ပေါ်ဆန်းရင် မျိုးသန့် စပါးမျိုးများအား တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း