ကွတ်ခိုင် ဇွန် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန်အတွက် စာပေဝါသနာရှင် (Book club) (Woman club) (Youth Club) အသင်းများဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား ယနေ့နံနက် (၁၁:၀၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ စာဖတ်ဝိုင်းတွင် ကွတ်ခိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကို ဦးဆောင်ဆွေးနွေရာ စာရေးဆရာ ‘ညီညီနိုင်’၏ ဘာသာပြန် စာအုပ်တစ်အုပ်ဖြစ်သည့် “လုပ်ငန်းရှင်သူဌေးအဖြစ် တစ်မိနစ်”စာအုပ်ထဲမှ အခန်း(၁) “ခိုင်မာတဲ့အုတ်မြစ်ချခြင်း”ခေါင်းစဉ်ဖြင့် ဦးစွာဆွေးနွေးခဲ့သည်။ ထို့နောက် (Women club) အသင်းမှ ဒေါ်အေးမင်းမင်းစံက အခန်း(၆) “တံခါးတစ်ချပ်ပွင့်လာခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Youth club)အသင်းမှ ဒေါ်နီလာက အခန်း(၉) “မှတ်တမ်းတင်လောက်သော ဝန်ဆောင်မှုကို ဖန်တီးခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန်ဆွေးနွေးသွားကြသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် Clubအသင်းသားများက မိမိတို့ဖတ်ရှုထားသည့် အကြောင်းအရာများကိုလည်း အပြန်အလှန်ဆွေးနွေးသွားကြကြောင်း သိရသည်။
အဆိုပါ “လုပ်ငန်းရှင်သူဌေးအဖြစ် တစ်မိနစ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကြောင့် စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးအမြင်များကိုရရှိပြီး ဘဝရတနာတွေကို ကြာရှည်ကြာမြောမရှာရဘဲ တစ်မိနစ်လောက်နဲ့တန်ဖိုးရှိရှိ အဓိပ္ပာယ်ပြည့်ဝတဲ့ ထိုးထွင်းသိမြင်မှုကိုလည်းရရှိကြောင်း စာဖတ်ဝိုင်းဆွေးနွေးသူတစ်ဦးထံမှ သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)