တွံတေးမြို့နယ်၌ လူငယ်ရေးရာစာပေဟောပြောပွဲကို ငါးသိပ္ပံ(တွံတေး)တွင် ကျင်းပ

တွံတေး ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဖွံဖြိုးရေးနှင့်သုတေသနဌာနခွဲအောက်ရှိ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တွင် ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေး ဒီပလိုမာ ပထမနှစ်(ဒုတိယနှစ်ဝက်) သင်တန်းကျောင်းတွင် ကျောင်းသား လူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ သင်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ စာပေဟောပြောပွဲကိုယနေ့ နံနက်၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဦးသက်ဦးက လူငယ်ရေးရာ စာပေဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြီး အမျိုးသားစာပေဆုရှင် စာရေးဆရာမင်းသျှင်အောင် (တွံတေး)ကလူငယ်များ “စာပေဖတ်ခြင်းဂုဏ်ရည်” အကြောင်းနှင့် ယနေ့ကျောင်းသား/ ကျောင်းသူများ အနေဖြင့် ကျောင်းမှသင်ကြားပေးသော ပညာရပ်များအပြင် အခြားသော အထွေထွေဗဟုသုတအတွက် စာပေဖတ်ရှုရန်လိုအပ်ကြောင်း စာအုပ်စာပေကသာ ကျောင်းသား ကျောင်းသူများ၏ ဘဝကိုပြောင်းလဲပေးနိုင်ကြောင်း၊ စာပေဖတ်ရှုသည့်အတွက် အကျိုးအကြောင်း အဆိုးအကောင်းတို့ကို ဝေဖန်ပိုင်းခြားတတ်လာမည်ဖြစ်ကြောင်း၊ မည်သည့်ကိစ္စကိုမဆို ကိုယ်တိုင်စဉ်းစားတွေး ခေါ်တတ်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ လိမ္မာသောယဉ်ကျေးသော လူငယ်လူရွယ်လေးများဖြစ်လာစေရန်၊ လူငယ်များစာကြည့်တိုက်ကို ကောင်းစွာအသုံးချတတ်စေရန်၊ အသုံးပြုပုံနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)သင်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသူဇာမောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စာပေဟောပြောပွဲသို့ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် အမျိုးသားစာပေဆုရှင် စာရေးဆရာမင်းသျှင်အောင်(တွံတေး)တို့က သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော စာကြည့်တိုက်အား ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

တွံတေးသား (ပြန်/ ဆက်)