မော်လမြိုင် ဇွန် ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် နှစ် ၇ဝ ပြည့်အထိမ်းအမှတ် သစ်ပင်စိုက်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ပင်မဆောင်ရှေ့ မြေကွက်လပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသားဟောင်းများ၊ မော်လမြိုင်တက္ကသိုလ်ရှိ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်မွေးနေ့နှစ် ၆၀ ပြည့်အဖြစ် ယနေ့အမှတ်တရ သစ်ပင်စိုက်ပျိုးမဲ့နေရာနဲ့ မလှမ်းမကမ်း အဓိပတိလမ်း တစ်ဖက်ခြမ်းမှာ ခရေပင်တန်းကို စိုက်ပျိုးခဲ့တဲ့အတွက် ယခုအခါ စိန်းလမ်းစိုပြေတဲ့ ခရေပင်တန်းကို တွေ့မြင်ရပါကြောင်း၊ ယခုနှစ် နှစ် ၇၀ ပြည့်ကိုလည်း မြန်မာသစ်ပင်များထဲမှာ နှစ်ရှည်ပင်ဖြစ်ပြီး တန်ဖိုးလည်းရှိ ခိုင်မာမှုလည်း အားကောင်းတဲ့ ကျွန်းပင်များကို စိုက်ပျိုးမှာဖြစ်ပြီး နှစ်စဉ်မိုးရာသီမှာ မြန်မာနိုင်ငံတွင် သစ်ပင်စိုက်ပျိုးကြတာဟာ မြန်မာလူမျိုးတွေရဲ့ အစဉ်အလာတစ်ရပ်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်လဲ ကောင်းမွန်သော အလေ့အထကောင်းနှင့်အတူကျောင်းသား၊ ကျောင်းသူမောင်မယ်အပေါင်းတို့၏ဘဝအတွက်အရေးပါတဲ့အသိပညာ၊ အတတ်ပညာရပ်တွေကို သင်ကြားပေးလိုက်တဲ့ တက္ကသိုလ်ကြီးရဲ့ မွေးနေ့မှာ စုပေါင်းပြီး အမှတ်တရနဲ့ တက္ကသိုလ်ရဲ့ အထိမ်းအမှတ် သစ်ပင်များကို စိုက်ပျိုးကြတာ ဖြစ်လို့အစဉ်အလာ ထိန်းသိမ်းခြင်းကို အလေးပေးဖော်ပြရာရောက်ပါကြောင်း၊ နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ပြုစုပျိုးထောင် ခြင်းနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကို ဖြည့်ဆည်း ရာလည်းရောက်ပါကြောင်း၊ မော်လမြိုင်တက္ကသိုလ်တည်ထောင်ခြင်း နှစ် ၇၀ ပြည့်မှသည်နောင်လာမဲ့နှစ်ပေါင်းများစွာအထိ အသိပညာရှင်၊ အတတ် ပညာရှင်တွေကို လေ့ကျင့်ပျိုးထောင်ပေးနေတဲ့ ပညာရပ်ဝန်း တက္ကသိုလ်ကြီး စိမ်းလန်းသာယာလှပစွာဖြင့် တည်တံ့ပါစေကြောင်း ပြောကြားသည်။
ထို့နောက် မော်လမြိုင်တက္ကသိုလ်နှစ် ၇၀ ပြည့်အထိမ်းအမှတ် သစ်ပင်များကို စိုက်ပျိုးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက သစ်အမျိုးအစားများဖြစ်သော ကျွန်းပင်နှင့် စိန်ပန်းပင်များ စိုက်ပျိုးခဲ့ပြီး တက်ရောက်လာသူများမှ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုး နေမှုကိုပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေး၍ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်၍ မော်လမြိုင်တက္ကသိုလ်နှစ် ၇၀ ပြည့်အထိမ်းအမှတ် ဆွမ်းဆက်ကပ် လှူဒါန်းခြင်းအခမ်းအနားကို မော်လမြိုင်တက္ကသိုလ် ဓမ္မာရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ပြီး ရှေးဦးစွာအခမ်းအနားကို နမောဒဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ တောင်ဝိုင်းတောင်ပတ်လမ်း ပခုက္ကူကျောင်း၊ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်၊ အရှင်သူများများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာတောင်ဝိုင်းတောင်ပတ်လမ်း ပခုက္ကူကျောင်း၊ ဆရာတော်ထံမှ အနုမောဒနာတရားနာယူ ကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု”သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)