မူဆယ် ဇွန် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများကို ကျန်းမာရေးဌာနမှ ယနေ့နံနက်(၉) အချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။
ရှေးဦးစွာ နံနက်ပိုင်းတွင် KG အတန်းမှ Grade-5 အထိ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများကို ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးမထိုးနှံမှီ ကျောင်းသား/ကျောင်းသူလေးများကို အပူချိန်တိုင်းတာခြင်း၊ ကာကွယ်ဆေးထိုးနှံထားသည့် အကြိမ်အရေအတွက်နှင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှု များကို ဆောင်ရွက်ပေးခဲ့ပါသည်။ ကာကွယ်ဆေးထိုးနှံရာတွင် မူလတန်းဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၉၄)ယောက် ထိုးနှံပေးခဲ့ပြီး နေ့လယ်ပိုင်းတွင် Grade-6 မှ Grade-12 အထိ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများကို ဆက်လက်ထိုးနှံပေးခဲ့ပြီး အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၄၀) ယောက်နှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၅)ဦးအား စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော ကျောင်းသား/ကျောင်းသူများကို သက်ဆိုင်ရာအတန်းပိုင် ဆရာကြီး/ဆရာမကြီးများက စာရင်းကောက်ယူပြီး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။ မူဆယ်မြို့၊ ကျန်းမာရေးဌာနမှ ဆရာ/ဆရာမများက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၃၉)ယောက်အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး မြိုနယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)