မိုးညှင်း ဇွန် ၁၃
ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် မူးယစ်ဆေးဝါး ကြိုတင်ကာကွယ်ရေး လုပ်ငန်းအစီအစဉ်ဆိုင်ရာ လူငယ်ကွန်ယက်သို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သော ကျောင်းသားတစ်ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် SEA GAMES ပြိုင်ပွဲ၌ ဗိုဗီနမ်အားကစားပြိုင်ပွဲတွင် တတိယဆုများရရှိခဲ့သော ကျောင်းသူတစ်ဦးတို့၏ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ် ရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဆိုပါ အခမ်းအနား ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး အင်္ဂလိပ်စာအထူးပြုမှ ဒုတိယနှစ် ဂုဏ်ထူးတန်း ကျောင်သား မောင်ပိုင်ခန့်သော်က ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် ကျင်းပပြုလုပ်ခဲ့ သည့် ဒုတိယအကြိမ် မူးယစ်ဆေးဝါး ကြိုတင်ကာကွယ်ရေးလုပ်ငန်းအစီအစဉ်ဆိုင်ရာ လူငယ်ကွန်ယက်သို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည့် အတွေ့အကြုံ များအား ပါဝါပွိုင့်ဖြင့် အဆင့်ဆင့် ရှင်းလင်းပြသခဲ့သည်။
ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် SEA GAMES ပြိုင်ပွဲတွင် ဗိုဗီနမ် (VOVINAM) အားကစားပြိုင်ပွဲ၌ တစ်ကိုယ်တော်အပြ (Dragon Tiger Form) ပြိုင်ပွဲနှင့် အသင်းလိုက် အပြ (mix basic self-defense technique team, 3 females and 3 males) ပြိုင်ပွဲတွင် တတိယ ကြေးဆုများ ရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် ပထဝီဝင်အထူးပြု တတိယနှစ် ကျောင်းသူ မခိုင်ဇာထွန်းက လေ့ကျင့်ကြိုးပမ်း အားထုတ်ခဲ့ခြင်းနှင့် ဆုများခူးဆွတ်ရရှိခဲ့သည့် အတွေ့အကြုံများကို ပါဝါပွိုင့်ဖြင့် အဆင့်ဆင့် ရှင်းလင်းပြသခဲ့သည်။
ထို့နောက် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ မဉ္ဇူမင်းနှင့် ဒုတိယပါမောက္ခချူပ် ဒေါက်တာ နိုင်နိုင်လတ်တို့က အဆိုပါ ကျောင်းသားနှင့်ကျောင်းသူ နှစ်ဦးအား ဂုဏ်ပြုဆုနှင့် အမှတ်တရ လက်ဆောင်များ အသီးသီးချီမြှင့်ပေးအပ်ခဲ့ကြကြောင်းနှင့် (၃၂) ကြိမ်မြောက် SEA GAMES ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ဗိုဗီနမ် တစ်ကိုယ်တော်ပြ အားကစားအား သရုပ်ပြသခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)