မိုင်းဖြတ်မြို့နယ်၌ ရွှေစည်းခုံပုံတူ အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီး အသစ်ပြန်လည်တည်ထားကိုးကွယ်ရန် အလှူငွေပေးအပ်လှူဒါန်း

မိုင်းဖြတ် ဇွန် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီးကို ရွှေစည်းခုံပူတူ အသစ်ပြန်လည်ပြုပြင် တည်ထားကိုးကွယ်သွားမည်ဖြစ်ရာ  အလှူငွေများ ပေးအပ်လှူဒါန်းပွဲ ကို ယနေ့နံနက် ၁၀ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ရှိ မင်္ဂလာသီရိဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော် (အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ) ဘဒ္ဒန္တနန္ဒောဘာသထံ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီး အသစ်ပြန်လည်တည်ထားကိုးကွယ်ရန် အလှူတော်ငွေများကို စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဗိုလ်မှူးချုပ်ကျော်လင်းမောင်နှင့် မိသားစု၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ဌာနဆိုင်ရာများ၊ သုဓမ္မမဏိဇောတဓရ ဦးထွန်းရွှေနှင့် မြို့မိမြို့ဖအလှူရှင်များက အလှူတော်ငွေစုစုပေါင်း ကျပ်သိန်း(၅၇၀)ကျပ်ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီးကို ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်အတွင်း ခုနှစ်ရက်သားသမီးများက တည်ထားကိုးကွယ် လျက်ရှိပြီး အဆိုပါ စေတီတော်မြတ်ကြီး၏ ယခင် ဉာဏ်‌တော်အမြင့် ၂၂ ပေ၊ ၆ လက်မ၊ ပလ္လင်တော် ၂ ပေ၊ ၆ လက်မရှိရာ အသစ်ပြန်လည်ပြုပြင်မွမ်းမံရာတွင် ဉာဏ်‌တော်အမြင့် ၂၇ ပေ၊ ပလ္လင်တော် ၅ ပေ မြှင့်တင်တည်၍ ရွှေစည်းခုံပုံတူ တည်ထားကိုးကွယ်သွားမည် ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး(မိုင်းဖြတ်)