နောင်ချို ဇွန် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာလင်္ကာရမှ အခြေခံပညာကျောင်းများသို့ စာသင်ခုံ၊ စာရေးကိရိယာနှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သဖန်းကိုင်းပရဟိဆရာတော် ဒေါက်တာဘဒ္ဒန္တပညာလင်္ကာရမှ ဩဝါဒစကား မိန့်ကြားပြီးနောက် နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ ငုက္ခလေး(၁) အခြေခံပညာမူလတန်းလွန်ကျောင်း၊ အမှတ်(၁၁၅) အခြေခံပညာမူလတန်းကျောင်း၊ ရေမဲတွင်း အခြေခံပညာမူလတန်းကျောင်းခွဲ စသည့် ကျောင်းများသို့ လှူဒါန်းငွေများနှင့် စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း (၁၀၀)ကျော် တန်ဖိုးရှိ စာသင်ခုံများ၊ ရေလှောင်ကန်၊ ဆရာ၊ ဆရာမများအတွက် စားပွဲခုံ၊ ဘလက်ဘုတ်နှင့် အမှိုက်ပုံးများ စသည်တို့ကို လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းပေးသော သဖန်းကိုင်းပရဟိတဆရာတော်အား မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)