တာလေမြို့၌ စာဖတ်ဝိုင်း ကျင်းပ

တာလေ ဇွန် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် လူငယ်အသင်း (Youth Club)တို့ ပူးပေါင်း၍  ယနေ့ နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာပါရဂူ)၏ ''ကလေးတွေကျောင်းမှာ အောင်မြင်ဖို့နည်းလမ်းများ''စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက  အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေးအတွက် စာဖတ်ဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး “ကလေးတွေကျောင်းမှာ အောင်မြင်ဖို့ နည်းလမ်းများ” ခေါင်းစဉ်ဖြင့်  မိဘတိုင်းသည် သားသမီးများကို ဘဝတွင် အောင်မြင်စေချင်ကြကြောင်း၊ ကျောင်း၌လည်း အောင်မြင်စေချင်၊ အိမ်ထောင်ပြုပြီးလည်း အောင်မြင်စေချင်၊ သားသမီးက မွေးဖွားလာသည့် မြေးတွေ၊ မြစ်များကိုလည်း အောင်မြင်စေချင်ကြကြောင်း၊ အောင်မြင်စေချင်သည့် စိတ်ထားသည် ကောင်းမြတ်သော်လည်း အောင်မြင် အောင် လမ်းပြကူညီနိုင်ဖို့ကလည်း အရေးကြီးကြောင်း၊ တချို့မိဘများသည် သားသမီးကို ကူညီရင်း ဖိအားများ အတင်းပေးသကဲ့သို့ းဖြစ်တတ်သဖြင့်  ကလေးတွေ၏ ကျောင်းနေသည့် ကာလအပါအဝင် ဘဝတွင် အောင်မြင်ရန်အတွက် အခြေခံကောင်း၊ အလေ့အကျင့်ကောင်းတွေကို ကြိုကြိုတင်တင် နည်းနည်းချင်းစီ တစိမ့်စိမ့်စွဲနေရန် လေ့ကျင့်ပေးဖို့လိုအပ်ကြောင်းနှင့် လိုအပ်သည့် အချက်အလက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် လူငယ်အသင်း (Youth Club)အဖွဲ့ဝင်များက “ကိုယ်တိုင်လုပ်ကိုင်ရင်း ရတဲ့အသိပေးပါ”၊ “အမူအကျင့်ကောင်းတွေကို အသိအမှတ်ပြုပေးပါ”၊ '”လူကြီးတွေရဲ့ အပြုအမူအပေါ် ကလေးလူငယ်တို့ရဲ့အမြင်”၊ “ကလေးစိတ်ထဲကမိသားစု”၊ “မိဘများရဲ့ အီးကျူ ကိုယ်တိုင်စစ်ပါ” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)