အောင်မြေသာစံမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးများအား ချိပ်ပိတ်ခြင်းများဆောင်ရွက်

မန္တလေး အောက်တိုဘာ ၉

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးများအား ချိပ်ပိတ်ခြင်းများ ဆောင်ရွက် ခြင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆ လမ်းနှင့် ၈၆ လမ်းထောင့်ရှိ အ‌မြောက်တန်း သစ်လွင်ဓမ္မာရုံတွင် ပြုလုပ်သည်။

ရှေးဦးစွာ အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးက ကြိုတင်ဆန္ဒမဲပုံးများ ချိပ်ပိတ်မည့်ကိစ္စရပ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အတွင်းရေးမှူး ဒေါ်နှင်းနှင်းက ဦးဆောင်၍ ကြိုတင်ဆန္ဒမဲပုံးများကို တက်ရောက်လာကြသည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ ချိပ်ပိတ်ခြင်းများ ဆောင်ရွက်ကြသည်။

အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြိုတင်ဆန္ဒမဲ လက်မှတ်များကို ပြည်တွင်းရှိ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၊ မဲဆန္ဒနယ် ပြင်ပရောက် တပ်မတော် သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၊ နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များအား ပေးပို့ထားပြီး ဖြစ်ရာ ၎င်းတို့မှ ဆန္ဒမဲပေးပြီး ပြန်လည်ပေးပို့လာမည့် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို သိမ်းဆည်းထားနိုင်ရန်အတွက် ဆန္ဒမဲပုံးများကို ကြိုတင်၍ ချိပ်ပိတ်ထားခြင်းဖြစ်သည်။

အောင်မြေသာစံမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များမှာ ပြည်တွင်းရှိ မဲဆန္ဒနယ် ပြင်ပရောက် သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းတို့မှ မဲဆန္ဒရှင်(၂၀၅)ဦး၊ ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စု ဝင်များ (၇၀၆) ဦး၊ ရှမ်းတိုင်းရင်းသား (၄) ဦး၊ နိုင်ငံပြင်ပရောက် မဲဆန္ဒရှင် (၄၀၀) ဦးတို့ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကြိုတင်ဆန္ဒမဲပုံးများ ချိပ်ပိတ်ရာသို့ အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မရှင် အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများနှင့် မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များ တက်ရောက်ကြသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပုံးများ ချိပ်ပိတ်ခြင်းနှင့်အတူ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဝင်များအား ကော်မတီ ရင်ထိုးတံဆိပ်များကို တစ်ပါတည်း ပေးအပ်ခဲ့‌ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)