ဇေယျာသီရိ ဇွန် ၁၃
ဇေယျာသီရိမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သည့် တစ်နှစ်လျှင် သုံးသီးရိတ်သိမ်းနိုင်သည့် စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြ ပညာပေး စိုက်ခင်း ၃ ဒသမ ၆ ဧက နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရှာစေးဖိုကျေးရွာ၌ စိုက်ပျိုးထားရှိကြောင်း သိရသည်။
လယ်စပါးစိုက်ပျိုးရာတွင် ထယ်ထိုးထွန်မွှေသမန်းပြင်ခြင်း၊ ပျိုးခင်းပြင်ခြင်းနှင့် ပျိုးနုတ်ကောက် စိုက်ခြင်း စရိတ်များမှာ အဓိကကုန်ကျစရိတ်များဖြစ်ကြသည်။ စပါးလမိုင်းစိုက်ပျိုးခြင်းတွင် ထိုကုန်ကျ စရိတ်များကို လျှော့ချနိုင်ခြင်းသည် အားသာချက်တစ်ခုဖြစ်သည်။ သို့သော် အထွက်နည်းခြင်းနှင့် ရင့်မှည့်ချိန် မညီခြင်းတို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် မစိုက်ကြခြင်းဖြစ်သည်။ ထို့ကြောင့် ပန်းပွင့်ချိန်ကို ညီညာစေပြီး အထွက်နှုန်းကို ကောင်းမွန်စေရန်အတွက် စပါးလမိုင်းစိုက်ပျိုးနည်း ပညာကိုပြန်လည်ပြု ပြင်စမ်းသပ်ထားသော နည်းပညာကို "စပါးသားတက် ဆင့်ပွားစိုက်ပျိုးနည်းပညာ"ဟု ခေါ်တွင် စေပါမည်။ စပါးသားတက် ဆင့်ပွားစိုက်ပျိုး နည်းပညာသည် ရွှေ့ပြောင်းစိုက်ပျိုးထားသော(မိခင်)အပင် ကဲ့သို့ အထွက်နှုန်းကောင်းစေပြီး စပါးမျိုးအလိုက် တစ်နှစ်လျှင်သုံးသီးမှ လေးသီးအထိ ရိတ်သိမ်း နိုင်သည်။ ဤနည်းပညာတွင် အဓိကအချက်များမှာ ရိုးပြတ်ဖြတ်ချိန်၊ ရိုးပြတ်အမြင့်၊ မြေဩဇာကျွေး ချိန်နှင့် စိုက်ပျိုးရေး စီမံခန့်ခွဲမှုတို့ဖြစ်သည်။ စပါးစိုက်ပျိုးသည့်တောင်သူများအနေဖြင့် စပါးသားတက် ဆင့်ပွားစိုက်ပျိုးနည်းပညာဖြင့် စိုက်ပျိုးမည်ဆိုပါက ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး မြေသြဇာများစနစ် တကျအသုံးချနိုင်လျှင် မိခင်အပင်၏အထွက်နှုန်းနှင့် ကွာခြားမှုမရှိသော အထွက်နှုန်းရရှိနိုင်ခြင်း၊ မိခင်အပင်ထက်သက်တမ်းတိုးခြင်းကြောင့် တစ်နှစ်လျှင်သုံးသီးလွယ်ကူစွာစိုက်ပျိုးနိုင်ခြင်း၊ ပျိုးခင်းပြင် ဆင်ခြင်း၊ ကောက်စိုက်ခြင်းတို့အပြင်၊ မျိုး၀ယ်ယူခြင်း၊ လုပ်အားခနှင့် စိုက်ပျိုးရေအသုံးပြု မှုများလျော့ ချနိုင်ခြင်း၊ ထပ်မံထွန်ယက်စိုက်ပျိုးရန်မလိုအပ်သဖြင့် မီသိန်းဓါတ်ငွေ့ထွက်ရှိမှုကိုလျော့ချ နိုင်သဖြင့် သဘာ၀ပတ်၀န်းကျင်ပျက်စီးမှုကို ကာကွယ်နိုင်ခြင်း၊ သားတက်မျိုးစေ့သည် မိခင်ပင်ကဲ့ သို့မျိုးကောင်း မျိုးသန့် မျိုးစေ့ကို ရရှိနိုင်သဖြင့် တောင်သူများ ၀င်ငွေတိုးတက်ရရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)