မောက်မယ်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

မောက်မယ် ဇွန် ၁၃

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ​ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာအလယ်တန်းကျောင်းခွဲ (စျေးတန်း)၌ ယနေ့နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက မူးယစ်ဆေးဝါးအန္တရာယ်ကို ကျောင်းသား၊ ကျောင်းသူ လူငယ်များသိရှိပြီး ရှောင်ရှားနိုင်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဥ်ကပင် နားလည်သိမြင်ပြီး ရှောင်ရှား တတ်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲသူများတွင် တွေ့ရသောအမူအကျင့်၊ အလေ့အထများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဆိုင်ရာလုပ်ငန်းအဆင့်ဆင့်ကို ဟောပြောခဲ့သည်။

ဆက်လက်ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသားလူငယ်များက မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းပြီး ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး နံရံကပ်စာ စောင်များပြသခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)