မိုးနဲ ဇွန် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ၂၀၂၃ ခုနှစ် ဧကာဒသမတန်းမှ လူရည်ချွန် မငွေနှင်းဖြူအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး၊ မိုးနဲမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေနှင့်ဇနီး၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အ.ထ.က (မိုးနဲ) ကျောင်းသား/ကျောင်းသူလေးများက မင်္ဂလာပါတေးသီချင်း၊ တေးသရုပ်ဖော်အကများနှင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မိုးနဲမြို့နယ် လူရည်ချွန်သုံးနှစ်ဆက်တက်ရရှိခဲ့သော လူရည်ချွန်ဟောင်းကြီး ဒေါ်နန်းမေသောင်းခင်က ၎င်း၏ လူရည်ချွန်ဖြစ်ခဲ့စဉ် အတွေ့အကြုံများကိုလည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဘဏ္ဍာရေးမှူး ဦးဇော်မင်းဦးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးတို့က ဂုဏ်ပြုအမှာစကားများကို လည်းကောင်း အသီးသီးပြောကြား ပေးခဲ့ကြသည်။
ထို့နောက် ၂၀၂၃ ခုနှစ် ဧကာဒသမတန်းမှလူရည်ချွန် မငွေနှင်းဖြူက လူရည်ချွန်စခန်း အတွေ့အကြုံများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး မငွေနှင်းဖြူအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုပန်းစည်းများကို မိုးနဲမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အထက(မိုးနဲ) ဘင်ခရာအဖွဲ့ ကျောင်းသား/ကျောင်းသူများက ဂုဏ်ပြုသီချင်း တီးမှုတ်၍ အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)