ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံစုံ ၃၅၁၃ ဧက စိုက်ပျိုးဆောင်ရွက်သွားမည်

ပွင့်ဖြူ ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာ၌ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးနှံနှင့် အခြားဟင်းသီးဟင်းရွက်သီးနှံစုံ စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၃၅၁၃ ဧက စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနှင့် မြေအောက်ရေ တို့ကို စိုက်ပျိုးရေ အဆင်ပြေစွာ ရယူအသုံးပြုနိုင်သဖြင့် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင်လည်း သီးနှံအပိုဝင်ငွေရရှိစေရန် စားဖိုဆောင်သီးနှံများကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။  အဆိုပါ စားဖိုဆောင်သီးနှံ စိုက်ပျိုးရာ၌ စီးပွားရေးတွက်ခြေကိုက်သည့် ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးနှင့် အခြား ဟင်းသီးဟင်းရွက်သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ စားဖိုဆောင်သီးနှံအမျိုးအစားအလိုက် တောင်သူတစ်ဦးချင်း အထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်နှင့် အစားအစာဘေးကင်းလုံခြုံစေရေးအတွက် သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲနည်းနှင့် အသုံးပြုပုံအဆင့်ဆင်ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

"ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ စားဖိုဆောင်သီးနှံစိုက်ပျိုးခြင်းကို ငရုတ်(စို) ၄၀၄ ဧက ၊ အခြား ဟင်းသီးဟင်းရွက် သီးနှံ ၃၁၀၉ ဧက၊ စုစုပေါင်းဧက ၃၅၁၃ ဧက လျာထား စိုက်ပျိုးသွားမှာဖြစ်ပါတယ်။  နောက်ပြီး ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ ယခုလက်ရှိမှာ မိုးသီးနှံအဖြစ် ဒေသခံတောင်သူတွေက ငရုတ်(စို) ၄၅ ဧက နဲ့ အခြား စားဖိုဆောင် ဟင်းသီး ဟင်းရွက်သီးနှံတွေဖြစ်တဲ့ ခရမ်းချဉ်၊ ပန်းမုံလာ၊ မုံညှင်း၊ မုံလာဥ၊ ဆလပ်၊ ခရမ်း၊ ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီ၊ ကြက်ဟင်းခါး၊ သခွါး၊ ဘူး၊ ဖရုံ၊ တိုင်ထောင်ပဲ၊ နံနံပင် စတဲ့ သီးနှံစိုက်ဧက ၃၈၂ ဧက၊ စုစုပေါင်း ၄၂၇ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ အဲဒီလို စားဖိုဆောင်သီးနှံတွေ စိုက်ပျိုးရာမှာ အောင်မြင် ဖြစ်ထွန်းမှုရှိစေဖို့နဲ့ စားသုံးသူပြည်သူတွေ ဘေးလုံခြုံစေဖို့အတွက် အော်ဂဲနစ်နည်းပညာအသုံးပြု စိုက်ပျိုးရေးနည်း စနစ်များကို တွန်းအားပေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ဒေသခံတောင်သူတွေကို သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးကြဖို့ လိုအပ်တဲ့ မျိုးစေ့များ ဖြန့်ဖြူးပေးခြင်း၊ သွင်းအားစု ပစ္စည်းများ ထောက်ပံ့ပေးခြင်းတွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးထားပါတယ်"ဟု ပွင်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။  

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး ၆၉၆၄၅ ဧက၊ ဖူးစားပြောင်း ၃၃၃၀ ဧက၊ နှံစားပြောင်း ၂၀ ဧက၊ ပဲမျိုးစုံသီးနှံ ၈၄၅၅ ဧက၊ ဆီထွက်သီးနှံစုံ ၈၂၀၁ ဧက၊ စားဖိုဆောင်သီးနှံစုံ ၃၅၁၃ ဧက၊ ချည်မျှင်ရှည်(ဝါ)သီးနှံ ၁၅၃၅ ဧက၊ ကြံ ၈ ဧက၊ ထန်း ၂၂၂ ဧက၊ ကွမ်း ၅၂ ဧက၊ အခြားစားပင်သီးနှံ ၂၅၃၃ ဧက၊ ပရဆေး ၂၅၇ ဧက၊ အထွေထွေစားသုံးသီးနှံ ၅၂၄ ဧက၊  ကျွဲနွားတိရစ္ဆာန်အစာ ၁၀၃၄၂ ဧက၊ အစေ့ကြားကြက်ဆူ ၂၅ ဧက၊ အခြားသီးနှံ ၈၄၂ ဧက၊ စုစုပေါင်း ၁၀၉၅၀၄ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အထိ မိုးသီးနှံစုံဧက ၁၄၅၅၀ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )