သိန္နီ ဇွန် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ စတင်သုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ သုံးစွဲပါက ရရှိမည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ သတိပြုရှောင်ကြဉ်ရမည့် အချက်များ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပပဝင်းက လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကို ဟောပြော၍ ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများ ပြန်လည်မေးမြန်းကာ အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့သည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)