မိုးကုတ် ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြေပြိုမှုအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က မြေပြိုမှုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မြေပြိုမှုဖြစ်ပွားနေစဥ် ရှောင်ရန်နည်းလမ်းများဖြစ်သည့် မြေပြိုကျမှုဖြစ်နေသော နေရာများအနီး မလိုအပ်ဘဲမသွားရန်၊ မြေပြိုကျမှု ဖြစ်နေသောနေရာများ သို့ ရောက်ရှိနေပါက တတ်နိုင်သမျှ အမြန်ဆုံးဘေးလွတ်ကင်းရာသို့ ပြေးရန်၊ တောင်ကုန်း/တောင်စောင်းတွင် နေထိုင်သူများအနေဖြင့် မိမိအိမ်ဝန်းကျင်ရှိ မြေပြိုမှုဘေး အန္တရာယ်ဖြစ်နိုင်ခြေနှင့် အိမ်၏ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးရန်၊ မြေပြိုနိုင်သည့်နေရာများ၊ တောင်စွယ်၊ ရေစီးလမ်းကြောင်း၊မိုးရေတိုက်စားသော လျှိုအနီးတွင် အဆောက်အအုံဆောက်လုပ်ခြင်းမပြုရန်၊ မြေပြိုမှု ဘေးအန္တရာယ် သတိပေးဆိုင်းဘုတ်များ၊ အမှတ်အသားများကို သတိပြုရန် စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်နန်းခွာညိုနှင်းက မြေပြိုမှုဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့် နည်းလမ်းများဖြစ်သည့် မြေပြိုမှုကြောင့် ဒဏ်ရာရသူ၊ ပိတ်မိနေသူများရှိပါက ကယ်ဆယ်ရေးအဖွဲ့သို့ ချက်ချင်းအကြောင်းကြားရန်၊ မြေပြိုခြင်းကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်သော ရေလွှမ်းမိုးမှု၊ ရွှံ့နုန်းမြေများ၊ မြေသားးအစိုင်းအခဲများ ပြိုကျစီးဆင်းလာနိုင်မှုများအား အထူးသတိ ပြုနေထိုင်ရန်၊ မိသားစုဝင်များ ပျောက်ဆုံးကွဲကွာပါက သက်ဆိုင်ရာသို့ ချက်ချင်းအကြောင်းကြားရန်၊ မသန့်ရှင်းသော ရေအရင်းအမြစ်များ မသုံးစွဲရန်၊ မြေပြိုထားသော ပတ်ဝန်းကျင်၊ အဆောက်အအုံများ၊ လျှပ်စစ်မီးကြိုးများနှင့် ဝေးဝေးနေရန်နှင့် မြေပြိုခြင်းဒဏ်ခံရသော နေအိမ်အဆောက်အအုံများအား သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရမှသာ ဝင်ရောက်နေထိုင်ရန် စသည့် အကြောင်းအရာတို့ကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)