နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ်ထိခိုက်မှုဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

နမ့်ဆန် ဇွန် ၁၃

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါ ဂေဟစနစ် ထိခိုက်မှုဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်မှ အသိပညာပေး Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး “အဏ္ဏဝါအမှိုက်သရိုက်နှင့် ပလတ်စတစ်ညစ်ညမ်းမှုသည် စီးပွားရေးကိုလည်း ထိခိုက်စေပြီး ခရီးသွားလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနှင့်ရေလုပ်ငန်းတို့ကို သက်ရောက်မှုဖြစ်စေသည့်အပြင် အဏ္ဏဝါအမှိုက်သရိုက်များ ရှင်းလင်းခြင်းကုန်ကျစရိတ်မှာ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံမှ ၁၉ ဘီလီယံခန့် ကုန်ကျခဲ့ပြီး ၂၀၄၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပါကြောင်း” အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းက “အဏ္ဏဝါသက်ရှိများမှ အဏ္ဏဝါအမှိုက်သရိုက်များအား ၎င်းတို့၏ အစားအစာနှင့် မှားယွင်းစားသုံးမိခြင်း၊ ငါးဖမ်းပိုက်များတွင် ငြိတွယ်ခြင်းတို့ကြောင့် ခန္ဓာကိုယ်တွင်း ဒဏ်ရာရခြင်း၊ အာဟာရပြတ်တောက်ခြင်း၊ အစာငတ်ခြင်းနှင့် နောက်ဆုံးတွင်သေဆုံးသည်အထိ ဖြစ် နိုင်ပါသည်။ ဒီရေတော၊ သန္တာကျောက်တန်းနှင့် ပင်လယ်မြက်ခင်းများအား အဏ္ဏဝါ အမှိုက်သရိုက်မှ ဖုံးအုပ်ခြင်း၊ ပွတ်တိုက်ခြင်း၊ ထိခိုက်ခြင်းများကြောင့် အရေးပါသော အဏ္ဏဝါနေရင်းဒေသများ ပျက်စီးနိုင်သည့်အပြင် ကာဗွန်စုပ်ယူမှုကိုပါ ထိခိုက်စေသည့်အတွက် ရာသီဥတုပြောင်းလဲမှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်” ဟုအကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ့်ဆန်ဒေသအဆင့်ရုံးအနေဖြင့် အများပြည်သူ များအသိပညာ၊ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေး Talk Show အပါအဝင် အသိပညာပေး ဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးအစီ အစဉ်များကိုလည်း ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရ သည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)