ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

 

ကာလိ  အောက်တိုဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ကာလိမြို့မဈေးအနီး ပြည်ထောင်စုလမ်းမကြီးတွင် ပြည်သူများ သွားလာ နေကြသည့်နေရာများသို့ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီအဖွဲ့မှ နှာခေါင်းစည်း(Mask)များ အခမဲ့ ပေးဝေ လှူဒါန်းခြင်း ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်မှုတွင် ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ  ကာလိမြို့အတွင်း ဈေးသို့ လာရောက် ဝယ်ယူကြသည့် ပြည်သူများနှင့် မြို့အတွင်း ဝင်/ထွက်သွားလာ နေကြသော ဒေသခံပြည်သူများမှ  နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်း မရှိသည့်ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ ပေးပြီး ချက်ချင်း တပ်ဆင်စေ၍ မလိုအပ်ပါက အပြင်မထွက်ကြရန် နှင့် အပြင်ထွက်တိုင်း နှာခေါင်း စည်းတပ် ဆင်ပေးကြပါရန် အသိပညာပေးစကားမှာကြားပေးခြင်းတို့ကို ကာလိမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့်ဝန်ထမ်းများ၊ စည်ပင်သာယာရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်ဇော်ဦးနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ နှင့် ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူး ဦးစိုင်းသီဟ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)