လားရှိုး ဇွန် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယခုတစ်ပတ်တွင် ယမန်နေ့တွင် အ.လ.က (ခွဲ) (၁၀)၊ အ.ထ.က(ခွဲ) (၈)၊ အ.ထ.က (နမ့်ပေါင်) တို့တွင် ထိုးနှံပေးခဲ့ပြီး ဇွန်လ ၁၃ ရက်နေ့တွင် အ.လ.က(ခွဲ) (၆)၊ အ.ထ.က(ခွဲ)(၇)၊အ.ထ.က(ခွဲ) (အီနိုင်း)၊ ဇွန်လ ၁၄ ရက်နေ့တွင် အ.ထ.က(၇)၊ အ.လ.က(ခွဲ)(၂၄)၊ အ.ထ.က (မယ်ဟန်)၊ ဇွန်လ ၁၅ ရက်နေ့တွင် အ.ထ.က(ခွဲ)(၂)၊ အ.လ.က(လေ့ကျင့်ရေး)၊ အ.လ.က(ခွဲ) (သံလွင်)၊ ဇွန်လ ၁၆ ရက်နေ့တွင် အ.ထ.က(ခွဲ) (၉)၊ အ.လ.က(ခွဲ) (၂၆)၊ အ.ထ.က (နောင်မွန်) ကျောင်းတို့တွင် ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက်(၁၂)နှစ်အထက် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူ ကျောင်းသား၊ ကျောင်းသူများကို ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းကို လားရှိုးမြို့နယ် ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
လားရှိုးပြည်သူ့ဆေးရုံကြီးတွင်လည်း အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိနေကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)