နမ့်ခမ်း ဇွန် ၁၃
လူသားမျိုးနွယ်တစ်ရပ်လုံးကို ပျက်သုန်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာနိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ယနေ့နံနက်(၉)နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်ပြပွဲတွင် မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါး၏ သမိုင်းကြောင်းနှင့် သုံးစွဲပုံအဆင့်ဆင့်ပြောင်းလဲလာပုံများ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ မူးယစ်ဆေးထိုးရသည့် အကြောင်းအရင်းများနှင့် မူးယစ်ဆေးမထိုးသုံးဘဲ အခြားပြုလုပ်သင့်သည့် နည်းလမ်းများ၊ မူးယစ်ဆေးဝါးအမျိုး အစားများနှင့် ဆိုးကျိုးအန္တရာယ်များ၊ သုံးစွဲမိပါကစိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးဆိုင်ရာထိခိုက်မှု၊ ရရှိလာမည့်ဆိုးကျိုးများအကြောင်း စသည့်တို့ပါရှိသည့် အသိပညာပေး နံရံကပ်စာစောင်ကို ကျောင်းသားလူငယ်များအား အသိပညာပေးပြသခြင်းအား မြို့နယ်ရုံး ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် လာရောက်ကြည့်ရှုသည့် ကျောင်းသားလူငယ်များအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကိုလည်း ပြသပေးခဲ့ ကြောင်း သိရသည်။ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ၊ စာဖတ်ပရိတ်သတ် များအား အသိပညာပေး နံရံကပ်စာစောင်ပြပွဲများ၊ ဓာတ်ပုံပြပွဲများကို အထိမ်းအမှတ်နေ့များ၊ နေ့ထူးနေ့မြတ်များအလိုက် လစဉ်ပြသပေးခြင်းကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)