ရန်ကုန် ဇွန်လ ၁၃
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများစာပေကို ဖတ်ရှုခြင်းနှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ စာပေချစ်သူများအသင်း(Book Club)နှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
စာရေးဆရာမ ဒေါက်တာမတင်ဝင်း ရေးသားသည့် “ ရှင်သန်ခြင်းနှင့်တိုးတက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုဆွေးနွေးခဲ့ရာ စာပေချစ်သူများအသင်း(Book Club)အဖွဲ့ဝင်ဒေါ်လဲ့လဲ့ဝင်းက စာအုပ်ပါအကြောင်းအရာများဖြစ်သည့် စိတ်ထားလှရန် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဒုက္ခများနှင့် ကြုံတွေ့ရချိန်တွင် ထားရှိရမည့် စိတ်နေသဘောထားများစသည်တို့ကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ပါသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်း အရာများအပေါ် မိမိတို့ဖတ်ရှုထားသည့် ရှုထောင့်အမျိုးမျိုးမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဒေါပုံမြို့နယ် စာပေချစ်သူများအသင်း (Book Club) အနေဖြင့် စာအုပ်ကောင်းများကို ရွေးချယ်ပြီး လစဉ်စာဖတ်ဝိုင်းများကို ဆောင်ရွက်လျက်ရှိရာ အသင်းဝင်များအပြင် ပြင်ပမှ စာပေစိတ်ဝင်စားသူများလည်း ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)