လားရှိုးမြို့နယ်တွင် အစိုးရ သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် သန္တိသုခဓမ္မာရုံ ရေစက်ချပွဲ ကျင်းပ

လားရှိုး ဇွန် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ခေးနင်းကျေးရွာ သီရိရတနာပရိယတ္တိသီလရှင်စာသင်တိုက်တွင် သီတင်းသုံးတော်မူသော အစိုးရသာသနဓဇ ဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ ပဓာနနာယကဆရာကြီး ဒေါ်ဩဘာသီ၏ ဂုဏပူဇာမင်္ဂလာနှင့် သန္တိသုခဓမ္မာရုံ ရေစက်ချပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါ သီလရှင်စာသင်တိုက်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အစိုးရသာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးအား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခြင်း၊ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး၏ ထေရုပ္ပတ္တိကို ဖတ်ကြားပူဇော်ခြင်း၊ ဂုဏ်ပြုရတုဖြင့် ရွတ်ဆိုပူဇော်ခြင်း၊ ဧကပိုဒ်ရတုဖြင့် ရွတ်ဆိုပူဇော်ခြင်း၊ ရှစ်လုံးဘွဲ့ကဗျာဖြင့် ဝတ်ရွတ်အသင်းမှ ရွတ်ဆိုပူဇော်ခြင်း၊ မောင်းထုပူဇော် တေးထပ်ဖြင့် ရွတ်ဆိုပူဇော်ခဲ့ကြသည်။

ဆက်လက်ပြီး အခမ်းအနားသို့ ကြွရောက်လာသော ဆရာတော်၊ သံဃာတော်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး သန္တိသုခဓမ္မာရုံတော်ကြီး ဆောက်လုပ်လှူဒါန်းမှုနှင့် လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနှင့် သာဓုခေါ်ဆိုနိုင်ရန် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)