မိုင်းကိုင် ဇွန် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ခမ်းဝါအထွေထွေစီးပွားရေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး ခန်းမ၌ကျင်းပပြု လုပ်ခဲ့သည်။
အစည်းအဝေး ပထမပိုင်းတွင် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းသိန်းရွှေက အဖွင့်အမှာ စကားပြောကြားခဲ့သည်။ သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဦးစိုင်းစံဖ ကဆောင်ရွက်ပြီး အသင်း၏လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကာ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်းများကို အမှုဆောင်များက ဆက်လက်ဖတ်ကြားတင်ပြရာ တက်ရောက်လာကြသည့် အသင်းသားအသင်းသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကာ လုပ်ငန်းများတိုးတက် အောင်မြင်ရေးဆုံးဖြတ်ချက်များ အသီးသီးချမှတ်ခဲ့သည်။
အစည်းအဝေးဒုတိယပိုင်းတွင် အမှုဆောင်သစ်ရွေးချယ်ပွဲကိုကျင်းပရာ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသိန်းရွှေက သဘာပတိအဖြစ် ဆောင်ရွက်ပြီး လစ်လပ်နေသည့် အမှုဆောင် (၂)နေရာအတွက် အမှုဆောင်သစ်ပြန်လည်ရွေးချယ်ရာ အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒ သဘောထားအရ အသင်းဝင်ကိုယ်စားလှယ်တစ်ဦးမှ အဆိုပြုပြီး အသင်းဝင်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသည့်စနစ်ဖြင့် အမှုဆောင်သစ်ကို ရွေးချယ်တင်မြှောက်ခဲ့ကြပြီးနောက် အမှုဆောင်သစ် များကို တာဝန်ခွဲဝေသတ်မှတ်ကာ ကတိသစ္စာခံယူခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်သမဝါယဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဖွဲ့စည်းရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ သမဝါယမအသင်း (၉)သင်းမှဥက္ကဋ္ဌများနှင့် ခမ်းဝါအထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်မှ အသင်းသားအသင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)