လားရှိုးမြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်သင်ကြား

လားရှိုး ဇွန် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် မီးသတ်ဦးစီးမှူးရုံးတွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိနေကြောင်းသိရသည်။

အဆိုပါ သင်တန်းကို ဇွန်လ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းခိုင်က ကြီးကြပ်ကာ သင်တန်းသား (၅၀) ဦးကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိနေကြောင်း သိရသည်။

သင်တန်းတွင် မီးဘေးနှင့်သဘာဝဘေး အန္တရာယ်များအကြောင်း၊ မီးသတ်တပ်ဖွဲ့၏အခန်းကဏ္ဍနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၊ အခြေခံကြိုးချည်နည်း၊ ဆင့်ပွားကြိုးချည်နည်း၊ ခေတ်မီရှာကယ်ပစ္စည်းများနှင့် ကိုင်တွယ်ထိန်းသိမ်းခြင်း၊ ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် ကိုင်တွယ်ထိန်းသိမ်းနည်း၊ ရေတွင်း အသက်ကယ်ဆယ်ခြင်း၊ ငလျင်ရှာဖွေကယ်ဆယ်ရေးစသည့် သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးနေပြီး သင်တန်းသို့ လားရှိုးမြို့နယ်အတွင်းရှိ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ တက်ရောက်လျက်ရှိနေပြီး သင်တန်းကာလမှာ (၁၀)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)