ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်း ပြုလုပ်

ဆိပ်ကြီးခနောင်တို  ဇွန် ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏  Book Club စာဖတ်ဝိုင်းကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်(၃)ဒေါ်မိုးမိုးဦးက ဖတ်ရှုဆွေးနွေးမည့်စာအုပ်အကြောင်း အနည်းငယ်ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ ၂၀၁၇ ခုနှစ်၊ ထွန်းဖောင်ဒေးရှင်း လူငယ်စာပေဆုရစာရေးဆရာကျော်ကျော်လှိုင်၏  “ ပျော်ရွှင်ခြင်း ” စာအုပ်ထဲမှ “စိတ်ဓာတ်ကြံ့ခိုင်မှု” ခေါင်းစဉ်ပါ အကြောင်းအရာဖြင့်  Book Club အဖွဲ့ဝင် မောင်စိုင်းမင်းသူကလည်းကောင်း၊  Book Club အဖွဲ့ဝင် မသွန်းချစ်ဝတီက “ အကြိမ်ကြိမ်လေ့ကျင့် ပါ”  ခေါင်းစဉ်ပါ စာအကြောင်းအရာများကို   အသီသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာရေးဆရာကျော်ကျော်လှိုင်၏ “ပျော်ရွှင်ခြင်း” စာအုပ်၏ အထက်ပါခေါင်းစဥ်တို့ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာဖတ်သူ လူငယ်များအနေဖြင့် “ ဘဝမှာ သက်တောင့်သက်သာ အခက်အခဲမရှိနေရတိုင်း ပျော်ရွှင်မှုကို အမြဲမရနိုင်ကြောင်း၊ အခက်အခဲကိုရင် ဆိုင်တဲ့အခါမှာ စိတ်ဓာတ်ကြံ့ခိုင်ရန်လိုအပ်ကြောင်း၊ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်မှ အောင်မြင်ပျော်ရွှင်မှုကိုရရှိမှာဖြစ်ကြောင်း၊ ဘဝမှာအကြိမ်ကြိမ်လေ့ကျင့်ထားသူ၊ အထပ်ထပ်ပြင်ဆင်ထားသူ များသာ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်အဝရှိနေတဲ့အတွက် အမှားတွေ၊ လွဲချော်မှုတွေ၊ ကျရှုံးမှု‌တွေကိုမတွေ့ကြုံရဘဲ အောင်မြင်မှုကိုရရှိမှာဖြစ်ကြောင်း” စသည်ဖြင့် လူငယ်တွေအနေဖြင့်  မှတ်သားကျင့်ကြံနေထိုင်သွားရမည်ဖြစ်ကြောင်း သုံးသပ်သိရှိရပါသည်။

ဝေယံ(IPRD)