ရန်ကုန်တိုင်းဒေသကြီးခရိုင် ပေါင်းစုံအမျိုးသမီး ဖူဆယ်ပြိုင်ပွဲ အောင်ပွဲရသန်လျင်ခရိုင်အသင်းအား ဂုဏ်ပြုကြိုဆို

သန်လျင် ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ပထမရရှိခဲ့သော သန်လျင်ခရိုင်ဖူဆယ် အမျိုးသမီးအသင်းအား ဂုဏ်ပြုကြိုဆိုပွဲကို ယမန်နေ့ညနေပိုင်းတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာအောင်ပွဲရ သန်လျင်ခရိုင် အမျိုးသမီးဖူဆယ်အသင်းသည် ခရိုင်အားကစားမှူး ဦးကျော်မင်းထွန်း ဦးဆောင်၍ ပြန်လည်ရောက်ရှိလာရာ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး(ကိုယ်စား) ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်၊ သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အားကစား ဝါသနာရှင်များနှင့် ပြည်သူများက အိုးစည်ဒိုးပတ်အကအခုန်များဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုကြသည်။

ဆက်လက်၍ ဂုဏ်ပြုကြိုဆိုပွဲကိုခန်းမအတွင်း ဆက်လက်ကျင်းပရာ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး(ကိုယ်စား) ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်က ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားသည်။

ထို့နောက်အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဒေါ်သီတာကြည်က ပြိုင်ပွဲအတွေ့အကြုံများ ရှင်းလင်းတင်ပြပြီး အောင်ပွဲရ သန်လျင်ခရိုင် အမျိုးသမီးဖူဆယ်အသင်းအား ညစာဖြင့် ဂုဏ်ပြု ဧည့်ခံသည်။ ထို့နောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီး ဖူဆယ်ပြိုင်ပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၄)ခုမှ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)