တပ်ကုန်း ဇွန် ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည့် ပထမအကြိမ် စိန်ရတုအလွန်ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီက မြဝတီရပ်ကွက်၊ ပဏ္ဍိတာရာမ စာသင်တိုက်တွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် စိန်ရတုအလွန်ကျောင်းသားဟောင်းများက ပဏ္ဍိတာရာမ စာသင်တိုက်၊ ပဓာနနာယက ဆရာတော် သဒ္ဒမ္မဇောတိက ဓဇဘဒ္ဒန္တပဏ္ဍိတာနန္ဒထံ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအား ဆရာတော်က အနုမောဒနာတရားတော်ချီးမြှင့်ခဲ့ပြီးနောက် တက်ရောက် လာသည့် အသက် ၇၅ နှစ်ကျော် ကျောင်းသားဟောင်းများအား ဘဒ္ဒန္တပဏ္ဍိတာနန္ဒ ဆရာတော် ရေးသားထားသည့် “ကိုယ်ကျင့်တရားအလေးထားပါ၊ သဒ္ဓါပန်းအမြဲလန်းပါစေ” စာအုပ်များ၊ စိန်ရတုအလွန် ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲကျင်းပရေးကော်မတီမှ မှတ်စု စာအုပ်၊ မျက်နှာသုတ်တဘက်များ လက်ဆောင်ပေးအပ်ပြီး၊ နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
ထို့နောက် စိန်ရတုအလွန် ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲကျင်းပရေး ကော်မတီဝင် ဦးတင့်ဆွေ၊ ဦးမောင်ပုတို့က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည့် အသက် ၇၅ နှစ်ကျော် ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံနိုင်ရေးကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် အလှူငွေရရှိမှုများ ရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် စိန်ရတုအလွန် ကျောင်းသားဟောင်းများက တွေ့ဆုံရသည့် ပီတိစကားများ အလှည့်ကျ ပြောကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်