ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်

ဟိုပုံး   အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို မန်နေ့နံနက် ၁၁ နာရီ အချိန်က  ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ မိုင်းပျဉ်းကျေးရွာအုပ်စုနှင့် နမ့်ပါချီးကျေးရွာအုပ်စုရှိ ဘုန်းတော် ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ကျော်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်ပါရှိနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လူစုလူဝေး မပြုလုပ်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန် ပြောကြား ခဲ့သည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခွန်အောင်ကျော်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သွင်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဟိုပုံးမြို့နယ်၊ လဲသက် ကျေးရွာအုပ်စု၊ မိုင်းပျဉ်းကျေးရွာအုပ်စုနှင့် နမ့်ပါချီးကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသော ပြည်သူ(၄၃၆)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ခဲ့ပြီး ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများတွင်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နေမင်းထွန်း (ဟိုပုံး)