ပုဗ္ဗသီရိ ဇွန် ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ MSME Association လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၊ အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲနှင့် သက်ဆိုင်ရာဌာနများထံမှ လမ်းညွှန်မှုခံယူပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးတင်မောင်ဆွေမှ အသင်းဖွဲ့စည်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ MSME Association ဥက္ကဋ္ဌ ဦးကျော်စွာဝင်းမှ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး MSME Association အထွေထွေအတွင်းရေးမှူး ဦးပညာက လုပ်ငန်း စဉ်နှင့်ပတ်သက်၍ အသေးစိတ်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပုဗ္ဗသီရိမြို့နယ်အတွက် MSME လုပ်ငန်းအမှုဆောင် အသစ်ခန့်အပ်နိုင်ရန်အတွက် ဖိတ်ခေါ်ရွေးချယ်ခဲ့ရာ မြို့နယ်အလုပ်အမှုဆောင်သစ်ဥက္ကဋ္ဌအား မဲပေး၍ ရွေးချယ်ခဲ့ပြီး မြို့နယ်အလုပ်အမှုဆောင်အဖွဲ့အားဖွဲ့စည်းခဲ့ကာ အလုပ်အမှုဆောင်သစ်ဥက္ကဋ္ဌမှ မိတ်ဆက်စကားပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)