သထုံမြို့နယ်၌ တောင်သူနည်းပညာပေးဆွေးနွေးခြင်းနှင့် မျိုးစပါးထောက်ပံ့ ပေးအပ်ပွဲကျင်းပ

သထုံ ဇွန် ၁၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအား တောင်သူနည်းပညာ ပေးဆွေးနွေးခြင်းနှင့် မြို့နယ်မျိုးစေ့ထုတ်လုပ်သူများအသင်း (SGA) တောင်သူများ အတွက် RS မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြေနီကုန်း ကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွား‌ရေးစင်တာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်သင်းသင်းဆင့်တို့က မိုးစပါးများ အထွက်နှုန်းတိုးမြင့်ရေး ဆွေးနွေးအမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က RS မျိုးစပါးများ ထောက်ပံပေးအပ်ရခြင်း၏ ရည်ရွယ်ချက်၊ စီးပွားဖြစ်မျိုးသန့်မျိုးစပါး ထုတ်လုပ်ခြင်းနှင့် တစ်ဧက တင်း (၁၀၀) အထက်ထွက်ရှိအောင် သွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ လိုက်နာဆောင်ရွက်သင့် သည့် စိုက်ပျိုးရေးနည်းပညာများ စသည်တို့ကို ရှင်းလင်းဆွေးနွေးပြောကြား ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သထုံမြို့နယ် မျိုးစေ့ထုတ်လုပ်သူများအသင်း (SGA) တောင်သူများ၏ စံပြစိုက်ကွက် ဧက (၅၀) အတွက် ပေါ်ဆန်းယဉ် RS မျိုးသန့်မျိုးစပါးများအား တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့် တင်းပေါင်း ၅၀ ကို ပေးအပ်ခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)