ဇမ္ဗူသီရိ ဇွန် ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင် လူငယ်လူရွယ်များ စာပေဗဟုသုတကြွယ်ဝစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်ချိန်များကို စာပေဖတ်ရှုလေ့လာမှတ်သားခြင်းဖြင့် အသုံးပြုတတ်စေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ စာပေစကားဝိုင်းကို ယနေ့နံနက်ပိုင်းက ဉာဏသိဒ္ဓိရပ်ကွက်၊ ကမ်းလက်များ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဉာဏသိဒ္ဓိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံဦးက စာပေစကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာမ မေချို(ပျဉ်းမနား)၊ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)နှင့် စာရေးဆရာ မောင်လေပြေ (တောင်တွင်း)တို့က ပြည်သူများအသိ ပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန် မြှင့်မားစေရန်ရည်ရွယ်၍ ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ဖြင့် ကျယ်ကျယ် ပြန့်ပြန့်မျှဝေဆွေးနွေးကြရာ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင် လူငယ်လူရွယ်များက သိလိုသည်များကိုမေးမြန်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာပေစကားဝိုင်းသို့ ဉာဏသိဒ္ဓိရပ်ကွက်အတွင်းမှ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင် လူငယ် လူရွယ်စုစုပေါင်း(၄၈)ဦးခန့် တက်ရောက်ခဲ့ကြပြီး စာကြည့်တိုက်တွင် တစ်နှစ်တာစာဖတ်အများဆုံး ဆုရရှိသူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်ကော်မတီဝင်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)