မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မော်လမြိုင်တက္ကသိုလ် နှစ် ၇၀ ပြည့်အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်

မော်လမြိုင် ဇွန် ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် နှစ် ၇၀ ပြည့်အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်အဆင့်မြင့်ပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသားဟောင်းများ၊ မော်လမြိုင်တက္ကသိုလ်ရှိ ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများ၊ကျောင်းသား ၊ ကျောင်းသူများတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မြန်မာ့ပညာရေးသမိုင်းမှာ ရန်ကုန်တက္ကသိုလ်ကြီးပြီးရင် လွတ်လပ်ရေးရပြီးနောက် ပထမဆုံး ရန်ကုန်တက္ကသိုလ်၏ Affiliate College လို့ခေါ်သည့် ပေါင်းစည်းဆက်သွယ်ထားသော ကောလိပ်ဖြစ်သည့် မော်လမြိုင်ဥပစာကောလိပ်ကို ၁၉၅၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်မှာ ယခု အထက(၆) ကျောင်းနေရာဖြစ်တဲ့ မော်တင်လိန်းဂျပ်ဆင်ကျောင်းမှာ စတင်တည်ထောင်ဖွင့်ခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့အဆင့်မြင့်ပညာရေး လောကမှာ ရှိတဲ့တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်ကျောင်းပေါင်း ၇၅ ကျောင်းအနက် မော်လမြိုင်တက္ကသိုလ်ဟာ ဝါရင့်တက္ကသိုလ် ကျောင်းကြီးလဲဖြစ်ကြောင်း၊ ယနေ့ မော်လမြိုင်တက္ကသိုလ်ကြီးဟာ အချိန်တိုအတွင်း တည်ထောင်ပြီး ပေါ်ထွက်လာခဲ့တဲ့ တက္ကသိုလ်တစ်ခုမဟုတ်ဘဲ ခေတ်စနစ်လိုအပ်ချက်နဲ့အညီ ပညာရေးအဆင့်အတန်းကို အဆင့်ဆင့်တိုးမြှင့်ရင်းနဲ့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီးအဖြစ် ပေါ်ပေါက်လာရတာကို သတိပြုစေချင်ပါကြောင်း၊ ကောလိပ်ပင်မအဆောက်အဦကြီးကို ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ(၂၄)ရက်တွင် ထိုစဉ်က နိုင်ငံတော်သမ္မတကြီး အဂ္ဂမဟာသီရိသုဓမ္မ ဒေါက်တာဘဦးကအုတ်မြစ်ချပေးခဲ့ပြီး ၁၉၅၉ ခုနှစ်၊ မေလ(၁၆)ရက်တွင် ကောလိပ်ပင်မအဆောက်အအုံသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာပဲ အဆင့်မြင့်ပညာရေး မှာ အမြင့်ဆုံးဘွဲ့ဖြစ်တဲ့ ပါရဂူဘွဲ့ကို ရူပဗေဒ၊ ဓာတုဗေဒနဲ့ ပထဝီဝင်အထူးပြုဘာသာရပ်တွေမှာ ထပ်မံတိုးချဲ့ပြီး သင်ကြားပေးမှာဖြစ်လို့ မော်လမြိုင်တက္ကသိုလ်မှာ၂၀၀၅-၂၀၀၆ ပညာသင်နှစ်က စတင်သင်ကြားပေးခဲ့တဲ့ အဏ္ဏဝါသိပ္ပံဘာသာရပ် အပါအဝင်ဆိုရင် ပါရဂူဘွဲ့ကို အထူးပြုဘာသာရပ် ၄ ခုမှာ တိုးချဲ့ဖွင့်လှစ်နိုင်တာဟာလည်း ဂုဏ်ယူရမဲ့ကိစ္စရပ် ဖြစ်ပါကြောင်း၊ ယနေ့အမိတက္ကသိုလ်ကြီးရဲ့ သက်တမ်းတလျှောက် နိုင်ငံရေးစနစ်များအရ ပြောင်းလဲကျင့်သုံးလာရတဲ့ တက္ကသိုလ်စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ သင်ကြား - သင်ယူမှုအတွေ့အကြုံများကို မျှဝေပေးကြမဲ့ Panelistများရဲ့ ၎င်းတို့ရဲ့ အတွေ့အကြုံများအပေါ် ဆွေးနွေးပြောကြားမှုများဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းမှာဖြစ်တဲ့အတွက် အာရုံစိုက်နားထောင်ကြစေလိုကောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မော်လမြိုင်တက္ကသိုလ်နှစ်(၇၀)ပြည့် အခမ်းအနားအတွက် အလှူငွေကျပ်(၁၀)သိန်းပေးအပ်ခဲ့ရာ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်ကလက်ခံရယူခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ မော်လမြိုင်တက္ကသိုလ် ပါမောက္ခ/ဌာနမှူး၊ သမိုင်းဌာန ဒေါက်တာသိင်္ဂီနွယ်က Moderator အဖြစ်ဆောင်ရွက်ပြီး၊ Panelist များအဖြစ် မွန်ပြည်နယ်အစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ငြိမ်း ဒေါက်တာမောင်သင်း၊ မော်လမြိုင်တက္ကသိုလ် ကထိကငြိမ်း၊ အင်္ဂလိပ်စာဌာနဒေါ်နီနီခင်၊ မော်လမြိုင်တက္ကသိုလ်ရုက္ခဗေဒဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာသန္တာစိုး၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသားဟောင်းဦးမိုးကျော်၊ မော်လမြိုင်တက္ကသိုလ်အဏ္ဏဝါသိပ္ပံဌာန၂ ပါရဂူ သင်တန်းသူမအိသဉ္ဇာဖြိုးတို့က မော်လမြိုင်တက္ကသိုလ်နှစ် ၇၀ ပြည့် ခရီးနှင့်ပက်သက်၍ ဘဝအတွေ့အကြုံများကို ဆွေနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)