လားရှိုး အောက်တိုဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID(19)ကာကွယ်၊ ထိန်းချုပ်ကုသရေးခရိုင်အဆင့်ကော်မတီက လားရှိုးမြို့ နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ယနေ့ နံနက်(၉)နာရီ အချိန်ကစတင်၍ ကျောင်းတိုက်များသို့အရောက် စားသောက်ကုန်နှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ တတိယအကြိမ် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID(19)ကာကွယ်၊ ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီဥက္ကဋ္ဌ၊ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့်် အဖွဲ့သည် လားရှိုးမြို့ရှိ ဓမ္မရတနာကျောင်း၊ အောင်တော်မူနှစ်ကျိပ်ရှစ်ဆူကျောင်း၊ လွယ်ဝိန်းတောရကျောင်း၊ နမ့်စမ်ဘ/ကကျောင်း၊ အတုလဇေယျ ဝံသီ သီလရှင်ကျောင်း၊ သီရိရတနာသီလရှင်ကျောင်းတိုက်တို့မှ သံဃာတော်များနှင့် သီလရှင်ဆရာလေး စုစုပေါင်း(၃၀၂)ပါးတို့အတွက် ဆန်(၄၄)အိတ်၊ ဆီ(၁၈၀)ပိဿာ၊ Mask(၁၂၅၀)ခုတို့အား ကျောင်းတိုက်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် လားရှိုးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာနက စိစစ်အသိအမှတ်ပြုထားသော မိဘမဲ့ဂေဟာများသို့လည်း ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)