လားရှိုးမြို့တွင် ဖွင့်လှစ်ထားသော စစ်ဆေးရေးစခန်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီမှ ကွင်းဆင်းစစ်ဆေး

လားရှိုး       အောက်တိုဘာ       ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးခရိုင်အဆင့်ကော်မတီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ဖွင့်လှစ်ထားသော စစ်ဆေးရေးစခန်းများအား ယ‌နေ့ နံနက်(၁၀)နာရီအချိန်ကကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

လားရှိုးမြို့အား COVID(19)ရောဂါ ပျံ့ပွားမှုမရှိစေရေးအတွက် အဆိုပါ မယ်ဟန်စစ်ဆေးရေးဂိတ်နှင့် နမ္မတူလမ်းဆုံ၊ ပညာရေးကောလိပ်အနီးတို၌ဖွင့်လှစ်ထားသော စစ်ဆေးရေးစခန်းများအား ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်ကာ နေ့စဉ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိနေရာ လုပ်ငန်းဆောင်ရွက်နေမှုများ အဆင်ပြေစေရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID(19)ကာကွယ်၊ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီ ဥက္ကဋ္ဌ၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် အဖွဲ့ဝင်များပါဝင်ကာ စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် ကုန်တင်ယာဉ်များ အတွက်ဆောင်ရွက်နေမှုများအားလည်းကောင်း၊ လားရှိုးမြို့အတွင်းသို့ သွားလာကြမည့် အနီးပတ်ဝန်းကျင်မှကျေးရွာများ၊ ရှမ်းပြည်နယ်အတွင်းမှ လာရောက်ကြသော ယာဉ်များ အတွက်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များအား မှာကြားခဲ့ ကြောင်း သိရှိရသည်။

ထို့ပြင် လားရှိုးမြို့ရှိ စေတနာရှင် လုပ်ငန်းရှင်များ၊ကုန်သည်များ၊ အလှူရှင်များကလည်း အဆိုပါ COVID(19)ရောဂါကာကွယ်ရေး ဆောင်ရွက်နေကြသူများအတွက် စားသောက်ဖွယ်ရာများ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ရေသန့်များနှင့် အင်အားဖြည့်အချိုရည်များကို နေ့စဉ်လာရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ဟန်ဌေး(လားရှိုး)