နောင်ချို ဇွန် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က မြို့မဈေးနှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် Mask Campagin ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူလင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများပါဝင်သော အဖွဲ့ဖြင့် မြို့မဈေးနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပါးစပ်နှာခေါင်းစည်းMaskများ(၁၀၀၀)အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအသီးသီးရှိ အခြေခံပညာကျောင်းများတွင်လည်း သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများက ပါးစပ်နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း ရောဂါပိုး XBB.1.16(Arcturus) ကူးစက်မှုတွေ့ရှိထားသဖြင့် ပြည်သူများနှာခေါင်းစည်း Mask များတပ်ဆင်သွားလာကြရန် နှိုးဆော်ပေးလျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)