လားရှိုး ဇွန် ၁၂
လားရှိုးမြို့တွင် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေများစီးဆင်းမှုဖြစ်ပေါ်ကာ လမ်းပေါ်ရေတင်ခြင်း၊ နေအိမ်များအတွင်းသို့ ရေဝင်ရောက်ခြင်းများကြောင့် ရေလျှံမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းပါက မြေနိမ့်ပိုင်းကျရောက်သည့် လားရှိုးမြို့မန်ဆူအဆင့်မြင့် အဝေးပြေး ယာဉ်လိုင်းဂိတ်အနီးဝန်းကျင်တွင်လည်း ရေကြီးရေလျှံမှုနှင့် ရေကျော်မှုများဖြစ်ပေါ်ကာ လမ်းသွားလမ်းလာများ၊ ခရီးသွားပြည်သူများ အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့် အခက်အခဲမဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာသို့ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပုဂ္ဂလိကယာဉ်ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
“မိုးတွေရွာရင် ယာဉ်လိုင်းဂိတ်အနီးပတ်ဝန်းကျင်က ရေမြောင်းတွေမှာ အမှိုက်တွေပိတ်ပြီး ရေကြီးရေလျှံတာတွေ မကြာခဏဖြစ်တယ်။ အဲ့လိုရေလျှံတော့ လမ်းပေါ်ရေတွေတင်ပြီး ရေဝပ်တာတွေဖြစ်ပြီး ခရီးသွားပြည်သူတွေဒုက္ခရောက်တာပေါ့။ ဒါကြောင့် ရေကြီးရေလျှံတာတွေမဖြစ်အောင် ရေမြောင်းတွေမှာ အမှိုက်တွေရှင်းတယ်။ သန့်ရှင်းရေးတွေလုပ်တယ်။”ဟု မြို့နယ်ပုဂ္ဂလိကယာဉ်ကြီးကြပ်ရေးကော်မတီမှ ဦးကြိုင် ကပြောသည်။
လားရှိုးမြို့မန်ဆူအဆင့်မြင့် အဝေးပြေးယာဉ်လိုင်းဂိတ်တွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မူဆယ်၊ ကျောက်မဲ၊ ပြင်ဦးလွင်၊ လောက်ကိုင်၊ ကွမ်းလုံစသည့်မြို့များနှင့် အခြားမြို့များသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများရပ်နားသည့် ယာဉ်လိုင်းဂိတ်များရှိကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)