သန်လျင်မြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး အရှိန်မြှင့် ဆောင်ရွက်မည်

သန်လျင် အောက်တိုဘာ ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊  သန်လျင်မြို့နယ်  ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ ပြန်ရေး ကော်မတီလုပ်ငန်းများ   အရှိန်မြှင့်ဆောင်ရွက်ရေး    လုပ်ငန်းညှိနှိုင်း   အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာသန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဦးလွင်ကိုလတ်က ရောဂါထိန်းချုပ်မှု ထိရောက် စေရေးအတွက် အနည်းဆုံး(၁၀)ရက် တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရန်လိုကြောင်း၊ ရပ်ကွက်ကျေးရွာများ  အတွင်းကန့်သတ်ဆောင်ရွက်ချက်များ ပီပြင်ရန် လိုကြောင်း၊  ထောက်ပံ့ ကူညီရေးကိစ္စများ ဆောင်ရွက် ပေးရန်လိုကြောင်း၊ တက်ရောက် လာကြသော ကော်မတီဝင်များ ကရောဂါ အမြန်ဆုံး ထိန်းချုပ်နိုင်ရေး အကြံပြု ဆွေးနွေး ပေးကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက်မြို့နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း ကရောဂါဖြစ်ပွားမှု၊ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေမှု၊ ထောက်ပံ့ကူညီ ပေးနေမှုများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသော ကော်မတီဝင်များ၊  အထောက်အကူပြုအဖွဲ့များနှင့် လူမှုအသင်း အဖွဲ့များက ရောဂါ ထိန်းချုပ်ရေး၊ ကုသရေး၊ ကာကွယ်ရေး လုပ်ငန်းများ အကြံပြု ဆွေးနွေးတင်ပြကြသည်။

သန်လျင်မြို့နယ်တွင် ယနေ့ထိအတည်ပြုပိုးတွေ့လူနာ   (၄၀၁) ဦးရှိနေပြီး ရောဂါပျံ့နှံ့မှု မဖြစ်ပေါ်ရေး ကာကွယ်ထိန်းချုပ်ရေးကို တင်းတင်းကြပ်ကြပ်ကိုင်တွယ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။

သန်းဝင်း(သန်လျင်)