ပျဉ်းမနား ဇွန် ၁၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ဌာနကြီးမှူးများနှင့် ဌာနမှူးများ၊ နေပြည်တော်ကောင်စီမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပျဉ်းမနားမြို့ မြို့မိ၊ မြို့ဖများနှင့်အတူ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့်ကန်ပတ်ဝန်းကျင် သာယာလှပရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကန်တော်မင်္ဂလာ ရှမ်းကန်အတွင်း ရေလယ်ဘုရားကျောင်းဆောင် ဖောင်ဒေးရှင်းကွန်ကရစ်လောင်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ဘုရားကျောင်းဆောင်သို့ လျှောက်လမ်းတည်ဆောက်ရန်အတွက် ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေလယ်ကျောင်းဆောင်နှင့် လျှောက်လမ်းအဆင့်မြှင့်တင် တည်ဆောက်ခြင်း ဖောင်ဒေးရှင်းလုပ်ငန်းများကို မိုးမကျမီ တည်ဆောက်ပြီးစီးစေရေး ဆောင်ရွက်ရန်၊ မြို့မိ၊ မြို့ဖများ အနေဖြင့်လည်း လုပ်ငန်းများအချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ကြရန်တို့ကို မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ ဆောင်ရွက်ပြီးစီးသည့် ကန်တော်မင်္ဂလာရှမ်းကန် အတွင်း/အပြင် သန့်ရှင်းရေးလုပ်ငန်းများ၊ ကန်ပတ်လျှောက်လမ်းများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ ပတ်ဝန်းကျင် သာယာလှပရေး လုပ်ငန်းများဖြစ်သော ရေဆင်းမြောင်းငယ်များ၊ မြေထိန်းနံရံများ ပြုပြင်ဆောင်ရွက်မှု၊ ကန်ပတ်လည်အတွင်းပိုင်း ဆင်ခြေလျှောတွင် အလှမြက်ခင်းများ စိုက်ပျိုးပြီးစီးမှုနှင့် နှစ်ရှည်ပင်များ၏ အောက်ခြေရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ကန်အတွင်းရှိ သစ်ပင်ငုတ်အဟောင်းများ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှု၊ ကန်ပတ်လည် ရေမြောင်းများ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ပြီးစီးမှု၊ ကန်အတွင်းသို့ ရေသွင်းမည့် ပိုက်လိုင်းနှင့်ရေသွင်းမြောင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)