ဒဂုံမြောက် ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူစက္ခုဒါနဆေးရုံတော်(ရန်ကုန်)၌ မျက်စိဝေဒနာရှင်များအား နံနက် ၇ နာရီမှ ညနေ ၃ နာရီထိ အခမဲ့စမ်းသပ်ခွဲစိပ် ကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သီတဂူစက္ခုဒါနအလှူတော်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်နီးရပ်ဝေးမှမျက်စိဝေဒနာရှင်များ လာရောက်ကုသလျက်ရှိရာ ယနေ့အထိ လူနာ ၁၁၀၀ ဦးခန့် စမ်းသပ် ကုသရန် စာရင်းပေးသွင်းထားကြောင်း၊ လာရောက်ကုသကြသော မျက်စိဝေဒနာရှင်များ အဆင်ပြေစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဦးသန်းဝင်းနှင့် တာဝန်ရှိသူများ၊ ရပ်ကွက် တာဝန်ရှိသူများနှင့် ပရဟိတအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက် ပေးလျက်ရှိပြီး ယနေ့လာရောက်ကုသသော မျက်စိဝေဒနာရှင်များအား ကိုအောင်ပြည့်စုံ၊ မမျိုးရတနာမိသားစုမှ ရေသန့်ဘူး၊ အအေးနှင့်ထမင်းကြော်များ လာရောက်လှူဒါန်းခဲ့သည်။
မျက်စိဝေဒနာရှင် လူနာများအား ကုသပေးမှုများကို ဇွန်လ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့ထိ စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း၊ ပထမအကြိမ် မျက်စိစမ်းသပ်ကြည့်ရှုကုသခြင်း အစီအစဉ်ကို ဧပြီ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ မျက်စိဝေဒနာရှင်(Eye Out Patient) (၁၂၅၄)ဦး၊ လေစာပစ်ကုသရသည့် မျက်စိဝေဒနာရှင် (Laser Therapy) (၃၈)ဦး၊ ခွဲစိပ်ရသည့် မျက်စိဝေဒနာရှင် (Eye Operation Patient) (၁၇၆)ဦးတို့အား စမ်းသပ်ကုသ မျက်စိအလင်းပေးလှူခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ် အလှူတော်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ