မူဆယ် ဇွန် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ မြို့နယ်လူမှုဖူလုံရေးရုံးမှ ၂၀၁၂ ခုနှစ်-လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀း၀၀)အချိန်က ခရိုင်/မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာအခမ်းအနားတွင် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အလုပ်ချိန်အတွင်းအလုပ်ခွင်၌ ထိခိုက်မှုကြောင့် သေဆုံးခဲ့ရသော အာမခံအလုပ်သမားများအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး ယခုကဲ့သို့လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ထိရောက်သောအကျိုးခံစားခွင့်များကို ထုတ်ပေး၍ကျန်ရစ်သူမိသားစုအတွက် အထောက်အပံ့ရရှိသောကြောင့် ဝမ်းသာပီတိဖြစ်ရကြောင်း အဖွင့်အမှာစကားအနေဖြင့် ပြောကြားခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသော တာဝန်ရှိလူကြီးမင်းများအနေဖြင့် မိမိဌာနရှိဝန်ထမ်းများကို ချန်လှပ်ထားခြင်မရှိဘဲ လူမှုဖူလုံရေးဝင်ကြေးကို ပေးသွင်းကြရန် မေတ္တာရပ်ခံမှာကြားခဲ့ပါသည်။ ဆက်လက်ပြီး မူဆယ်မြို့နယ်၊ လူမှုဖူလုံရေးရုံးတာဝန်ခံ ဒေါ်စုနန္ဒာမိုးက ၁၉၅၄ အက်ဥပဒေမှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဉပဒေသို့ပြောင်းလဲပြီး အာမခံစနစ်(၆)မျိုး ပြဌာန်းထားကြောင်း၊ ထည့်ဝင်ကြေးကို လပေါင်း(၁၈၀)ပေးသွင်းထားလျှင် ဆေးကုသမှု ဆက်လက်ခံယူအကျိုးခံစားခွင့်များရရှိ မည်ဖြစ်ကြောင်း၊ ထည့်ဝင်ကြေးကို လပေါင်း(၆၀)အတွင်း ပေးသွင်းထားလျှင် လစာ၏ အဆ(၃၀)၊ လပေါင်း (၆၀)အထက် လပေါင်း(၁၂၀)အတွင်း ပေးသွင်းထားလျှင် လစာ၏အဆ(၅၀)ကို အကျိုးခံစားခွင့်ရှိကြောင်းနှင့် အလုပ်သမား(၅)ဦးအထက်ရှိသော အလုပ်ဌာနများအနေဖြင့် သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးများတွင် မှတ်ပုံတင်ထားသင့်ကြောင်း အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ထိုနောက် မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အလုပ်ခွင်တွင် ထိခိုက်မှုကြောင့် သေဆုံးသွားသော Juction River Co.Ltdမှ အာမခံအလုပ်သမား ဦးဇင်မင်းဝင်း၏ ကျန်ရစ်သူအကျိုးခံစားခွင့် ကျပ်(၅၁)သိန်းအား အုပ်ထိန်းသူဖခင်ထံပေးအပ်ခဲ့ပြီး
မူဆယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက Shwe Lwel In Co.Ltd ၏ အာမခံအလုပ်သမား ဦးကိုကိုအောင်အား ဆေးဖိုးပြန်လည်ထုပ်ပေးခြင်း အကျိုးခံစားခွင့် ငွေကျပ်(၁၀,၄၁၇၀၀)တိတိ ပေးအပ်ခဲ့ပါသည်။ ထို့အပြင် မူဆယ်မြို့နယ်၊ လူမှုဖူလုံရေးရုံးတာဝန်ခံ ဒေါ်စုနန္ဒာမိုးက ဧရာဝတီဘဏ်(၂)၏အာမခံ အလုပ်သမား ဦးဖြိုးဇေယျာကျော်အား ဆေးဖိုးကုန်ကျငွေ ပြည်လည်ထုတ်ပေးခြင်း အကျိုးခံစာခွင့် ငွေကျပ်(၄၈၉၉၂၀)တိတိကိုလည်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)