ဟိုပုံး ဇွန် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရွာငံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ဖွင့်လှစ်သည့် ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးကြည်က အဖွင့်အမှာစကားပြောကြားရာတွင် အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင် လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နေထိုင်နိုင်စေရန်နှင့် အမျိုးသား၊ အမျိုးသမီးများ မိသားစုအိမ်တွင်း တစ်နိုင်စီးပွားပြုနိုင်ရန်ရည်ရွယ်၍ အိမ်တွင်းမှုသက်မွေးပညာရပ်များ တတ်မြောက်စေရန်သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အိမ်တွင်းမှုသင်တန်းသို့ တက်ရောက်ကြသည့် သင်တန်းသူများအနေဖြင့် သင်ကြားပေးသော ဘာသာရပ်များကို အားကျိုးမာန်တက်လေ့လာကြပြီး မိမိဘဝရပ်တည်နိုင်ခြင်း၊ ကိုယ်ပိုင်ဝင်ငွေ၊ မိသားစုဝင်ငွေများကို တစ်နိုင်တစ်ပိုင် ရှာဖွေပေး နိုင်ပါသဖြင့် ဘဝအတွက် အကျိုးကျေးဇူးများစွာရှိနိုင်ကြောင်း ပြောကြားသည်။ ထို့နောက် သင်တန်းသူများက ပအိုဝ်းပဒေသာအကအလှများဖြင့် ကပြဖျော်ဖြေပြီးနောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ ရှမ်းပြည်နယ်၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးဖြိုးနိုင်ဦးနှင့် တာဝန်ရှိသူများက ရပ်ရွာအခြေပြု အခြေခံစက်ချုပ် သင်တန်းဆင်း လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ထွေးက ထူးချွန်ဆုရရှိသည့် သင်တန်းသူတစ်ဦးအား အပ်ချုပ်စက်(၁)စုံကို ချီးမြှင့်ပြီးနောက် သင်တန်းသူ နန်းယိမ်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါ ရပ်ရွာအခြေပြု အခြေခံစက်ချုပ် သင်တန်းကို မေလ(၂၀)ရက်နေ့မှ ဇွန်လ(၁၂) ရက်နေ့အထိ သင်တန်းသူ(၂၀)ဦးဖြင့် စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)